လိပ်သို ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးခဲ့ကြရာမှ ဝဥကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာခဲ့ရာ အောင်မြင်မှုများ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ဝဥများ ဈေးကောင်းရရှိလာနေသော်လည်း ဒေသခံအများစုမှာ ဝဥမျိုးများကို ဝယ်ယူစိုက်ပျိုးခြင်းမရှိဘဲ သဘာဝအလျောက် ရှင်သန်ဖြစ်ထွန်းလျက်ရှိသော ဝဥများကိုသာ ရှာဖွေတူးဖော်ရောင်းချကြပြီး အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် စမ်းသပ်စိုက်ပျိုးမှုများကို ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။
စီးပွားရေးအခြေခံကောင်းပြီး စိုက်ပျိုးရေးအသိပညာများ ရရှိသူများက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရန် (၅) နှစ်ခန့် ကြိုးပမ်းအားထုတ်လုပ်ကိုင်လာခဲ့ရာမှ ယခုအခါ အောင်မြင်မှုများ စတင်ရရှိလာကာ ထွက်ရှိလာသော ဝဥများကို ဥလုံးအတိုင်း မရောင်းချဘဲ ခွဲစိတ်အခြောက်လှန်းပြီး ရောင်းချရာ ဝဥခြောက်တစ်ပိဿာကို (၁၂၀၀ဝိ/-) ကျပ်မှ (၁၃၀၀ဝိ/-) ကျပ်ရရှိနေပြီး စနစ်တကျနည်းစနစ်မှန်ကန်စွာဖြင့် ထုတ်လုပ်ရောင်းချနိုင်ပါက ဈေးနှုန်းပိုမိုရရှိနိုင်၍ အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ဝဥစိုက်ပျိုးအောင်မြင်မှုရရှိသူ တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်