မြဝတီ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့က အဆိုပါကျောင်းဝင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေးက မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များတွင်တစ်ခုအပါအဝင်ဖြစ်သော တပို့တွဲလ ထမနဲထိုးပွဲတော်ကျင်းပပေးခြင်းသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ သတ်မှတ်လူဦးရေနှင့် သတ်မှတ်ပစ္စည်းအမျိုးအမည်ပမာဏကို ရှင်းလင်းပြောကြားပေးပြီး ပြိုင်ပွဲဝင်အသင်း ၁၃ သင်းက သတ်မှတ်အချိန်အတိုင်း စတင်ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်ပေးဒိုင်အဖွဲ့က လိုက်လံကြည့်ရှုအကဲဖြတ်ပေးကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မာမာရီ၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ ဦးသန်းရွှေ၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)