ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၄ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၅၁) အမှတ်(၆) စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာကျော်က  စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဦးညီညီက စာရေးဆရာ သိန်းထွန်း (IR) ရေးသားသည့် ပြောင်းလဲမှုနှင့်လူငယ်တို့အတွက်အောင်မြင်မှုအခွင့်အလမ်း ဆောင်းပါးပါ လူငယ်များအတွက်အခွင့်အလမ်းများလာသကဲ့သို့ စိန်ခေါ်မှုလည်းများလာသည့် ပြောင်းလဲလာသည့် ယနေ့ခေတ်တွင် လူငယ်များအနေဖြင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှု၊ တွေးခေါ်မြော်မြင် နိုင်စွမ်းတို့ရှိရန်လိုအပ်ကြောင်း ၊ ကောင်းမွန်သည့် ဘဝအခွင့်အလမ်းကို ရယူနိုင်ရန် အာရုံစိုက်ကြိုးစားနေကြဖို့လိုအပ်ကြောင်းနှင့် မြို့နယ် Youth Club အဖွဲ့ဝင် မောင်ဇော်ဇော်အောင်က အနာဂတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် လူငယ်များအပေါ်တွင် မူတည်ကြောင်း၊ ယခုအခါ အတွေးအခေါ်နည်းသော စာပေဗဟုသုတနည်းသော လူငယ်များကို တွေ့မြင်နေရကြောင်းနှင့် လူငယ်တစ်ဦးတွင် ရှိရမည့် စွမ်းဆောင်ရည်များအကြောင်းကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်တွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ မသန်စွမ်းသူများဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာ စသည့်ဗဟုသုတရရှိဖွယ်ရာ အကြောင်းအရာများကို ရေးသားဖော်ပြထားပြီး ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)