ဂန့်ဂေါ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်မှ စတင်၍ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်းမှ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ပထမအကြိမ်အဖြစ် ၂၄-၁-၂၀၂၅ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ယနေ့နံနက်ပိုင်းတွင် အ.ထ.က(မြို့မ)ကျောင်းမှ KG ကျောင်းသား/ ကျောင်းသူ(၃၈)ဦး၊ အ.လ.က(မြောက်ကုန်း)မှ (၅၅)ဦး၊ အ.လ.က(ပြစ်မ)မှ(၂၈)ဦး၊ အ.လ.က(ခွဲ)စည်ပင်သာယာမှ (၄၄)ဦး၊ အ.လ.က(ခွဲ)ကျောက်တိုက်မှ (၄၆)ဦး၊ အ.မ.က(တပ်တွင်း)မှ (၁၀)ဦးနှင့် အ.မ.က(မြို့မတောင်ပိုင်း)မှ (၁၂)ဦး၊ စုစုပေါင်း KG ကျောင်းသား/ကျောင်းသူ(၂၃၃)ဦးကို နေ့လည်စာအာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကာ တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ၇-၂-၂၀၂၅ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများဆောင်ရွက်ရာသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နီဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့်အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)