ထားဝယ်မြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

ထားဝယ် ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြသည်။

ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်မာစိုးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား တာဝန်ရှိသူများက ရှင်းလင်း အသိ ပညာပေးပြီး KG ကျောင်းသား/သူ ကလေးငယ်များအား နေ့လယ်စာ ထမင်း၊ ကြက်သားနှင့်အာလူး၊ ရွှေဖရုံသီးကြော်၊ ပဲဟင်းနှင့် က်ပျောသီးတို့ဖြင့် အာဟာရမျှတစွာကျွေးမွေးခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၁၀)ကျောင်းရှိ KG ကျောင်းသား/သူများအား ပထမအကြိမ် ချက်ပြုတ်ပြင်ဆင် အသိပညာပေးကျွေးမွေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)