ပုလော ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေတွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက (၇၈) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်နှင့် ကျောင်းသား/ သူများကို ဆုများချီးမြှင့်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ သည်။
ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ရန်ပုံငွေရှာဖွေရေးကော်မတီ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ နေရာချထားရေးနှင့် သတင်းထုတ်ပြန်ရေး၊ စာစီစာကုံး၊ ကျပမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)