ကန့်ဘလူမြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် ၃၀ ခုအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်က စျေးပြိုင်စနစ်ဖြင့်ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် အမျိုးအစားအလိုက်ဝယ်ယူရမည့် လိုင်စင်စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် ၃၀ ခုအား ရည်ညွှန်းကြမ်းခင်းစျေးနှုန်းများသတ်မှတ်၍ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးရာ ဝယ်ယူလုပ်ကိုင်လိုသော စီးပွားရေးလုပ်ငန်းရှင်များက အပြိုင်ဝယ်ယူသဖြင့် အောင်မြင်စွာရောင်းချပေးနိုင်ခဲ့ရာ အရပ်ရပ်အခွင့်အရေးလိုင်စင် ၃၀ အနက် ၂၉ ခုအား လေလံကြေးကျပ် ၅၀၀၉ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)