ရှမ်းရွာသစ် ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြင့် တည်ဆောက်ကာကွယ်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ် ဓာတ်ရှင်သန်ခိုင်မာပြီး၊ လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာလေးများပေါ်ထွန်းရန်၊ အမျိုးသားပညာရေးမြင့်မားစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်စေရန် စသည့် ပညာရေးစုံညီပွဲတော်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၆)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ပညာရေးစုံညီပွဲတော်ဆိုသည်မှာ ဆရာ၊ မိဘ၊ ကျောင်းသားများ စုပေါင်းလှုပ်ရှားကြသည့်ပွဲတစ်ခုဖြစ်သည့်အပြင် မြို့၏ပညာရေးအဆင့်အတန်း တိုးတက်လာအောင်ဆောင်ရွက်ကြသည့် နည်းသစ်ရှာဖွေကြသည့် ပွဲတစ်ခုဖြစ်ကြောင်း၊ နှစ်တစ်နှစ်၏ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်သည့် ပွဲတစ်ခု လည်းဖြစ်ကြောင်း၊ နှစ်တစ်နှစ်၏ အားသာချက်များကိုလည်း လာမည့်နှစ်တွင် လက်ဆင့်ကမ်းပြီး အားနည်းချက်များကို ပြုပြင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်ကျောင်းသား လူငယ်မောင်မယ်များ ဘဝခရီးလမ်းသာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ရန်အတွက် စိတ်ဓာတ် ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အမျိုးဂုဏ်ဇာတိဂုဏ်တို့ကိုလည်း ဖော်ဆောင်သည့် ပွဲတစ်ခုဖြစ်ကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းသားလူငယ်မောင်မယ်များ ပညာရည်တိုး တက်မြင့်မားလာစေရန် ဆရာ၊ ဆရာမများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှု နှစ်(၃၀)စီမံချက်အရ တစ်နိုင်ငံလုံးအတွင်းမှာရှိသော အခြေခံပညာကျောင်းများ တွင် ပညာရေးစုံညီပွဲကို ကျင်းပလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲဆုများ၊ ကျောင်းတွင်းအားကစားပြိုင်ပွဲဆု၊ တစ်နှစ်ပတ်လုံးကျောင်းတက်ရက်ပျက်ကွက်မရှိသောဆုနှင့် ပညာရည်ချွန်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများတို့က အကပဒေသာများဖြင့် ဝေဝေဆာဆာကြပြ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)