မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နွေစပါးစိုက်ခင်းနှင့် အောင်ရေရရှိရေးအတွက် ရေသွယ်မြောင်းကော ပြန်လည်တူးဖော်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ငပုတော ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်မြေစာရင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက တမန်ချောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေမှ သွင်းအားစု ရယူစိုက်ပျိုးထားသည့် တောင်သူ မန်းဖိုးလေဗွေ၏ ဥယျာဉ်ခြံမြေတွင် ကျင်းပပြုလုပ်သည့် မြေနိမ့်ကော်ဖီပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ကာ ကော်ဖီပင်ပျိုးပင်များကို တာဝန်ရှိသူများနှင့်အတူ စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသွင်းအားစုများ ရယူစိုက်ပျိုထားသည့် တမန်ချောင်းကျေးရွာအုပ်စု တောင်သူမန်းစန်းလွင် လယ်မြေ ဧက(၅)ဧက ရွှေသွယ်ရင် မျိုးစပါး‌အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ပိုးမွှားအန္တရာယ် ကင်းဝေးစေရေးအတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ သွင်းအားစုများ စနစ်တကျ အချိုးကျသုံးစွဲနိုင်ရေးမှာကြားသည်။ ထို့နောက် တမန်ချောင်းကျေးရွာတွင် နွေစပါးစိုက်ခင်းများအား အောင်ရေရရှိရေးနှင့် ရေပေးဝေနိုင်ရေးအတွက် ရေသွယ်မြောင်းကော ပြန်လည်တူးဖော်ပေးနိုင်ရေးအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)