ကျွန်းလှ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် နွေစပါးစိုက်ပျိုးရန် ပေါင်စနစ်ဖြင့် ပျိုးထောင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် နွေစပါးစိုက်ပျိုးဖို့ ၁၆၆ ဧကအနက် ဘိုယားတမံရေသွယ်စနစ်ဖြင့် ဧက ၄၀ ကျော် စိုက်ပျိုးမှာဖြစ်ပါတယ်။ ပေါင်စနစ်ပျိုးထောင်ရာမှာ စပါးအထွက်နှုန်းနှင့် အရည်အသွေးကောင်းစေရန် မျိုးကောင်းမျိုးသန့် တစ်ဧက မျိုးစေ့ ၆ ပြည်မှ ၈ ပြည်အသုံးပြီး မျိုးညှောင့်ဖောက်ရပါတယ်။ နို့ဆီဗူးတစ်ဗူးမှာ (၅၀၀၀မှ ၇၀၀၀)ထိ ပါဝင်ပြီး အပင်ရေ (၂ ဒသမ၄) သိန်းမှ (၃ဒသမ ၂)သိန်း ရရှိသဖြင့် လုံလောက်ပိုလျံပါတယ်။ တစ်ဧက အရှည် ၁၂၀ ပေ၊ အနံ ၃ ပေ၊ အမြင့် ၄ လက်မရှိ မျက်နှာပြင်ညီညာသော ပျိုးဘောင် (၇) ဘောင်ပြုလုပ်ပြီး ပျိုးထောင်ရပါတယ်။ မျိုးစေ့များ ပျက်စီးအလေအလွင့်မရှိစေရန် ဒေသတွင်းရရှိနိုင်သော ဖွဲပြာ၊ နွားချေးမှုန့်၊ လွှစာမှုန့်၊ မြေဆွေး၊ တမန်းမြေဖြင့် ပါးပါးဖုံးအုပ်ပြီး ရေမပြတ်လောင်းပေးရပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပေါင်စနစ်ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ပျိုးစေ့ဖိုး၊ လုပ်အားခ ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာခမ်းခြောက်မှုမရှိကြောင်း၊ တောင်သူများ သိပ္ပံနည်းကျ စိုက်နည်းစနစ် လိုက်နာကျင့်သုံးခြင်းဖြင့် တစ်ဧက တင်း (၁၀၀) အထက် ထွက်ရှိနိုင်ကြောင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)