ရွှေတောင်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နေအိမ်များအား အားဖြည့်မွမ်းမံခြင်းဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာနှင့် ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် နေအိမ်များအား အားဖြည့်မွမ်းမံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများမှ ကျွန်းကလေးကျေးရွာမှကြံခိုင်မှုမရှိသော အိမ်ခြေအလုံး(၁၇၀)လုံးနှင့် ညောင်ကုန်းကျေးရွာမှကြံခိုင်မှုမရှိသော အိမ်ခြေအလုံး(၇၀)လုံး စုစုပေါင်းအိမ်ခြေ(၂၅၀)လုံးတို့အား တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်း(၆၃၀၀၀)ကျပ်တန်ဖိုးရှိ ပစ္စည်းများပေးအပ်ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြသည်။

ဆောင်ရွက်ပေးမှုအပေါ်ကျေးရွာနေပြည်သူတစ်မှလည်း ဝမ်းသာပီတိစကားသံလည်း အခုလိုကြားသိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်တွေကို လာရောက်အားဖြည့်ဆောင်ရွက်ပေးတဲ့အတွက် ပြောပြလို့မရအောင်ပဲကြည်နူးရပါတယ်။ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ဆိုတဲ့ စကားလုံးလေးပါတဲ့အတွက် မဖြစ်ခင်ကကြိုတင် တားဆီးကာကွယ်ပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း လူကယ်ပြန်အဖွဲ့အစည်း၊ အစိုးရနဲ့ ဝန်ထမ်းတွေအားလုံးကို ဖော်မပြနိုင်လောက်အောင်ကျေးဇူးတင်မိပါတယ်လို့ ကျွန်းကလေးကျေးရွာမှ ရွာသားဦးဇော်မောင်ကပြောကြားခဲ့သည်။

ကိုကိုမင်း (ပြန်/ဆက်)