ပေါင်းတည်၌ ဆောင်းသီးနှံပဲတီစိမ်း ၉၇၃၁ ဧက စိုက်ပျိုးကာ ဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံပဲတီစိမ်း စုစုပေါင်း ၉၇၃၁ ဧက စိုက်ပျိုးထားကြပြီး ဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။

ပေါင်းတည်မြို့နယ်ရှိတောင်သူများသည် စိုက်ပျိုးမြေအမျိုးအစားအလိုက် သင့်တော်သည့် ရေဆင်း ၁၄ နှင့် G3 ပဲတီစိမ်းမျိုးများကို စိုက်ပျိုးလေ့ရှိကြောင်းသိရပြီး ရေဆင်း ၁၄ မှာ သက်တမ်း ရက် ၆၀ မှ ရက် ၇၀ မျိုးဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်း ၂၅ တင်းမှ တင်း ၃၀ အထိ အထွက်အားကောင်းတတ်ကြောင်း၊ G3 မျိုးမှာ သက်တမ်း ရက် ၇၀ ၊ ရက် ၈၀ မျိုးဖြစ်ကာ တစ်ဧက တင်း ၃၀ မှ ၃၅ တင်းအထိ ထွက်ရှိတတ်ကြကြောင်း ပဲစိုက်တောင်သူတစ်ဦးက ရှင်းပြသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းရေး၊ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် သီးထပ်စွမ်းအားနှင့် စိုက်စွမ်းအားများတိုးမြှင့်ကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရေးကို မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​ကြရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်အတူ တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းနိုင်စေရေးတို့အတွက် တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)