မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၃၀

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကွန်ကရစ်လမ်းသစ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

ဦးစွာ ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ဝန်း နယ်ပယ်အနှံ့ဒေသစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်တွေ၊ သီးနှံတွေ သယ်ပို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံလွယ်ကူ ချောမွေ့ကောင်းမွန်ရေးဟာ အဓိက လိုအပ်လှကြောင်းကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဟာ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဖွင့်လှစ်လိုက်သည့် ရွာသာယာ အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဟာဆိုရင် မင်းဘူး-မင်းလှလမ်းမှ ရွာသာယာကျေးရွာသို့ ဆက်သွယ်ထားတဲ့ လမ်းဖြစ်သည့်အတွက် ဒေသခံကျေးရွာ နေပြည်သူများရဲ့ ထုတ်ကုန်သီးနှံတွေ ကူးလူးသယ်ပို့ရောင်းချရာမှာ လွယ်ကူမြန်ဆန်စေမှာ ဖြစ်သလို လမ်းပန်းဆက်သွယ်မှု မြန်ဆန်ချောမွေ့စေမှာဖြစ်သည့်အပြင် လမ်းအနီးဝန်းကျင်ရှိ ကျေးရွာများတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် သီးနှံထွက်ကုန်စိုက်ဧက (၃၁၂၅) ခန့်မှ ထွက်ရှိသော ကုန်စည်များကိုလည်း မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာနဲ့ ပို့ဆောင်နိုင်မှာ ဖြစ်ပါကြောင်းနှင့် ဒေသခံကျေးလက် နေပြည်သူများကလည်း ကွန်ကရစ်လမ်း ရေရှည်တည်တံ့ ခိုင်မြဲပြီးမပျက်စီးစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရွာသာယာကျေးရွာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ထားပိုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်နိုင်မိုးက လိုက်လံပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၉ ဒသမ ၃) ဘီလီယံခန့် အသုံးပြုပြီး ကွန်ကရစ်လမ်း (၅) လမ်း၊ ကတ္တရာ (၈) လမ်း၊ ကျောက်ချောလမ်း (၅) လမ်း၊ ဂဝံမြေနီလမ်း (၃၀) လမ်း စုစုပေါင်း လမ်း (၄၈) လမ်း၊ မိုင်ပေါင်း (၆၈/၄ ဒသမ ၈၂) မိုင်နှင့် ကွန်ကရစ်တံတား (၁၀) စင်း၊ ရေကျော် (၁၄) စင်း၊ ရေပြွန် (၃၂) စင်း၊ စုစုပေါင်း (၅၆) စင်း ပေရှည်ပေါင်း (၂၃၈၀) ပေတို့ကို ဆောင်ရွက်ပေးနေသည့်အတွက် လုပ်ငန်းအားလုံးပြီးစီးပါက မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ရှိသည့် ကျေးရွာပေါင်း (၈၆၁) ရွာ ကျေးလက်နေ အိမ်ထောင်စု (၁၄၆၂၃၉) ခုနှင့် ပြည်သူ (၆၄၀၁၃၁) ဦးခန့်ကို လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေဖို့ များစွာအကျိုးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

မောင်ညီညာ