မော်လိုက် ဇန်နဝါရီလ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ အ.ထ.ကနှစ်(၁၀၀)ရာပြည့် ပွဲတော်ကို ယနေ့ နံနက်(၉)နာရီအချိန်က အ.ထ.ကစုဝေးကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်၊ မြို့မိမြို့ဖ ဦးကျော်မင်း၊ ရာပြည့်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်ပညာရေးမှူး(တာဝန်ခံ) ဦးနန်ခင်းခမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ရာပြည့်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် “ကမ္ဘာချီတည်ပါစေ ဆုတောင်းမြို့ မော်လိုက် အထက်တန်းကျောင်းသီချင်း” ဖြင့် ကျောင်းသူလေးများကလည်းကောင်း၊ မော်လိုက် အ.ထ.က ဘင်ခရာတပ်ဖွဲ့နှင့်တွဲဖက်၍ ပန်းပွားအက၊ အေရိုးဗစ်အကအဖွဲ့များမှလည်းကောင်း အသီးသီး ကပြဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် ရာပြည့်ပွဲတော်ဖြစ်မြောက်ရေးကော်တီ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်နှင့် ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့်ဧည့်သည်တော်များက နှစ်(၁၀၀) ပြည့်ကျောင်တော်ကြီးအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းနှစ်(၁၀၀)အထိမ်းအမှတ် စာပေနှင့်အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို အ.ထ.ကစုံညီခန်းမတွင်ကျင်းပပြုလုပ်ရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အဆို၊ အကများဖြင့် တက်ရောက်လာသည့်ဧည့်သည်တော် များကို ဖျော်ဖြေခဲ့ကြသည်။
မော်လိုက်မြို့ အ.ထ.ကသည် ၁၉၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နှစ်(၁၀၀) ပြည့်ပီဖြစ်သောကြောင့် ရာပြည့်ပွဲတော်ကို (၂၉-၁-၂၀၂၅)ရက်နေ့မှ (၃၀-၁-၂၀၂၅)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)