ကျိုက်လတ် ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ၂၅%(ရာခိုင်နှုန်း) အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တတေဇနိယမှ အဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး အခမ်းအနားမှူး ဆရာတော်မှ မြို့နယ်သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ရွေးချယ်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးခြင်းရွေးချယ်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ဆရာတော်ကြီးများမှ အနားယူသွားသော ဆရာတော်ကြီး(၃)ပါး၏ နေရာတွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းများနှင့်အညီ (၂၅)% အစားထိုးကာ ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များမှ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်