မြိတ် ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့က Polytechnic University (Myeik)၌ ပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲရာတွင် မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်က “မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ” နှင့် မီးခိုးမြူငွေ့၏အဓိပ္ပာယ်၊ ဖြစ်ပေါ်လာပုံနှင့်အမျိုးအစားများ၊ မီးခိုးမြူငွေ့များထွက်ရှိလာသည့် မူလအရင်းအမြစ်များ၊ လေထုညစ်ညမ်းမှုကို အများဆုံးဖြစ်စေသည့်ဓာတ်ငွေ့များ၊ PM 2.5 ကြောင့် သက်ရှိလူသားများ၏ ကျန်းမာရေးအပေါ်ထိခိုက်နိုင်မှုများ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ အခြားနိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက်ထားမှုများကို အသိပညာပေး ဟောပြောသည်။
ဟောပြောရာတွင် “ မမြင်နိုင်သော လူသတ်သမား PM2.5 အကြောင်း” အသိပညာပေး ဗီဒီယိုကလစ်ကိုပြသပေးခဲ့ပြီး ဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)