မြို့သစ်မြို့နယ်တွင် မဲခေါင်-လန်ချန်းအစီအစဥ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာသင်တန်းဖွင့်လှစ်

 မြို့သစ် ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် "မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်အရ မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကကြီးမှူးဖွင့်လှစ်သည့် "စိုက်ပျိုးရေးဆိုင်ရာနည်းပညာ"သင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ စိုက်ပျိုးရေးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးငွေဆန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးဇော်ကိုကိုဖြိုးက စီမံကိန်းဆိုင်ရာအကျဥ်းချုပ်နှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် "မကွေးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့မှ သင်တန်းသားတောင်သူစုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုလျှော့နည်းစေရန်ဆောင်ရွက်ရမည့်အချက်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာနည်းလမ်းများ၊ တစ်နိုင်တစ်ပိုင်မျိုးသန့်ထိမ်းသိမ်းနည်းစနစ်များ၊ လွယ်ကူစွာပြုလုပ်နိုင်သော သဘာဝမြေသြဇာပြုလုပ်နည်းများစသည့်အကြောင်းအရာများကို ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာ/ ဆရာမများက စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

 သန်းဝင်းထွန်း(ပြန်/ဆက်)