ဘုတ်ပြင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပပြုလုပ်

ဘုတ်ပြင်း ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဦးအောင်စိုးက ပညာရေးစုံညီပွတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများနှင့် ဘာသာရပ်အလိုက်ထူးချွန်ဆုရသူများ၊ ဘက်စုံထူးချွန်ဆုရသူများ၊ ခရိုင်၊ မြို့နယ်အဆင့်လူရည်ချွန်ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့်အလှူရှင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက အကပဒေသာတေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေဧည့်ခံကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အခမ်းအနားသို့ ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)