သာယာဝတီ ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ပထမဦးစွာရွာ၏ အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေးတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထားကြကြောင်း အဆိုပါမြေများကို အိုးပြုလုပ်တော့မည်ဆိုလျှင် နှုံးမြေတစ်ဆ မြေနီနှစ်ဆ မြေစေးတစ်ဆတို့ကိုရော၍ အင်တုံထဲတွင်ထည့်ကာစိမ်ထားရကြောင်း မြေများနူးလာပြီဆိုပါက စေးသွားအောင်ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့်အကြိမ်ကြိမ်နင်းနယ်ရကြောင်း ထို့နောက် လက်လှည့်စုံပေါ်တွင်တင်ကာ မိမိပြုလုပ်လိုသော အိုးပုံစံကိုလက်ဖြင့်ပုံဖေါ်ပြီး အဆင့်ဆင့်ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရသည်။
ဖိုးခေါင်ကျေးရွာမှထွက်ရှိသော ညောင်ရေအိုးတစ်လုံးကို ငွေကျပ် ၁,၅၀၀၊ ပန်းရိုက် သောက်ရေအိုး တစ်လုံးလျှင် ငွေကျပ် ၃,၅၀၀၊ အချော တစ်လုံးကို ငွေကျပ် ၄,၅၀၀၊ ဟင်းအိုး တစ်လုံးကို ငွေကျပ် ၂,၅၀၀ ကျပ်၊ ပဲလှော်အိုး တစ်လုံးကို ငွေကျပ် ၃,၀၀၀ တို့ဖြင့် သာယာဝတီမြို့သို့ကားဖြင့် သွားရောက်ရောင်းချရာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုး လုပ်ကိုင်သူ မသင်းသင်းမော်၏ ပြောကြားချက်အရ သိရသည်။
သန့်ဇော် (ပြန်/ဆက်)