ထား၀ယ် ဇန်နဝါရီ ၂၉
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ပုံတူဆွဲပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် စာရေးဆရာဦးဝင်းမြအောင်(မြိတ်)က ဝန်ထမ်းများအနေဖြင့် စာဖတ်ကြရန်လိုအပ်ကြောင်း၊ စာဖတ်ခြင်းဖြင့်အတွေ့အကြုံများ၊ ဗဟုသုတများနှင့် အသိအမြင်အသစ်များရရှိပြီး ဦးနှောက်ဉာဏ်ကို ပို၍ကျယ်ပြန့်စေကြောင်း ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက စည်းလုံးခြင်းသည်အင်အား သရုပ်ပြပုံတူပန်းချီအား စိတ်ပါဝင်စားစွာရေးဆွဲယှဉ်ပြိုင်ကြရာ စာရေးဆရာဦးဝင်းမြအောင်(မြိတ်)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဆရာမများက ကြည်ရှု့အားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဆုရွေးချယ်ရာတွင်ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်များပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)