ကျွန်းစုမြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများအကြောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျွန်းစုမြို့၊ အ.ထ.က (ခွဲ)ကတန်ကျောင်း၌ ကွင်းဆင်း၍ အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဇော်ဝင်းက သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ သစ်တောသစ်ပင်များမှ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ရရှိသည့် အကျိုးကျေးဇူးများ၊ ရေချိုအားချွေတာသုံးစွဲရေးနှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများနှင့်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဒီရေတောများ၏ အကျိုးကျေးဇူးများအကြောင်းအား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့သည်။

ထိုနောက် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက သစ်ပင်စိုက်ပျိုးပြုစုခြင်း အသိပညာ‌ပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မိုး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)