ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကန့်ဘလူ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဖိတ်ကြားထားသော စာပေဝါသနာရှင်များပူးပေါင်း၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၉)မှ ညီညီဖေရေးသားသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားကောင်းမွန်ရေးဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဝင်းငြိမ်းက ကိုယ်ရည်ကိုယ်သွေးမြင့်မားကောင်းမွန်ရေး ဆောင်းပါးနှင့်ပတ်သက်၍ မွေးရာပါမျိုးရိုးဗီဇနှင့်ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်အနေအထားကိုလိုက်၍ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲတတ်ကြောင်း၊ ပင်ကိုစွမ်းရည်မရှိပါက ထိပ်တန်းသို့မရောက်နိုင်သလို ပါရမီရှိသော်လည်း ပြုစုလေ့ကျင့်ပေးမှုအားနည်းပါက မအောင်မြင်နိုင်ကြောင်းနှင့် မိမိ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရေးအတွက် စာပေများဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်းတို့ကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူ ဝန်ထမ်းများနှင့်စာပေဝါသနာရှင်များက ဆောင်းပါးပါအကြောင်းအရာများနှင့်စပ်လျဥ်း၍ မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးကြသည်။

ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသားလူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)