မင်းဘူး(စကု)မြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပေး

မင်းဘူး ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်စေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ယမန်နေ့တွင် မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် သွားရောက်ကွင်းဆင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ပြုပြင်ဆောင်ရွက်ပေးနိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက  မြို့နယ်အတွင်း၌ နှစ်စဉ်လေပြင်းအဖြစ်ပွားဆုံး ကျေးရွာများကိုရွေးချယ်ပြီး မြေပြင်စာရင်း ကွင်းဆင်းကောက်ယူ၍  ထုံးမကြီးကျေးရွာ၌ အိမ်ခြေ(၅၀)၊ ပေါက်လေးပင်ကျေးရွာ၌ အိမ်ခြေ(၅၀) စုစုပေါင်း အိမ်ခြေ(၁၀၀)ကို စိစစ်ရွေးချယ်၍ လူနေအိမ်တစ်လုံးလျှင် ငွေကျပ်(၆၃၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၆၃)သိန်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အိမ်ဆောက်ပစ္စည်များဝယ်ယူ၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းထံက သိရသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)