ကန့်ဘလူ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးလွင်က Fire Hotspots နှင့် မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ် ဦးထွန်းနောင်က စားရေရိက္ခာဖူလုံဖို့ သစ်တောများကိုထိန်းသိမ်းစို့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ် ဦးအောင်မျိုးသန့်က ရေနှင့်နွေ၊ နွေနှင့်ရေခေါင်းစဥ်ဖြင့်လည်းကောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်နွယ်ဦးက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောကြသည်။ ထို့နောက် တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ ၉၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မီးခိုးမြူငွေ့များ ကြာရှည်စွာဖြစ်ပေါ်ပါက အက်စစ်မိုးများရွာသွန်းခြင်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းစေခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်နိုင်ခြင်း၊ မြို့ပြဧရိယာအတွင်းရှိ လေထုညစ်ညမ်းမှုများကြောင့် ရုံးများ၊ စက်ရုံများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ ပိတ်ရခြင်းကြောင့် စီးပွားရေးထိခိုက်ရခြင်း၊ မျက်ခမ်းစပ်မှုများ၊ လည်ပင်ယားယံမှုများ၊ အာသီးယောင်ခြင်း၊ နှာမွန်ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေခြင်း၊ အမြင်အာရုံထိခိုက်ခြင်း၊ ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပြီး တောမီးနှင့်အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းခြင်း၊ အထူးသဖြင့် ကြီးမားသော တောမီးခေါင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဂေဟစနစ်နှင့်လူသားတို့၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရန်လိုအပ်လာကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)