ဟားခါး ဇန်နဝါရီ ၂၉
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် in person ဖြင့် သင်တန်းရောက်သည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်သည် ပညာရေးပဲဖြစ်ပါကြောင်း၊ ယနေ့ကာလတွင် နိုင်ငံအသီးသီးက တိုးတက်နေသော လူမှုရေး၊ ယဉ်ကျေးမှု၊ သိပ္ပံပညာရပ်နယ်ပယ်တို့နှင့်အညီ လိုအပ်သည့် ဥပဒေများ ပြဌာန်းပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေသည် အဓိကအားဖြင့် ပြည်သူများအတွက်သာ ဖြစ်ပါကြောင်း၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် ပြည်သူများပဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ဥပဒေများ လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်နေသည့် ဒီမိုကရေစီနိုင်ငံများကိုကြည့်မည်ဆိုပါက ၎င်းနိုင်ငံတွင်နေထိုင်ကြသော ပြည်သူပြည်သားများက ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာနေထိုင်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ရရှိသည့် ဥပဒေအသိပညာများကို ကျောင်းသား၊ ကျောင်းသူများထံသို့ ပြန်လည်မျှဝေကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာ၊ ဆရာမများ အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုငွေများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင် ကလည်းကောင်း ၊ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များကို ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများ အား အားပေးစကားပြောကြားသည်။
အဆိုပါ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းတွင် ဆရာ၊ ဆရာမ (၃၀) ဦးက in person ဖြင့်လည်းကောင်း၊ (၅၂) ဦးက Online Zoom Application ဖြင့်လည်းကောင်း ၊ စုစုပေါင်း (၈၂) ဦး တက်ရောက်နိုင်ခဲ့ကြောင်း သိရ သည်။
(ခရိုင်ပြန်/ဆက် )