ကသာ ဇန်နဝါရီ ၂၉
စစ်တိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း(၆)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကွမ်းကျော်ကျော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်း နှင့် တာဝန်ရှိသူများက KG ကျောင်းသား/သူ ကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။
ကျောင်းသား/သူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များနှင့်ညီညွတ်စေရန်အတွက် လက်များကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြာစေခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း(၁၈)ကျောင်းတွင် ဇန်နဝါရီလအတွင်း KG ကျောင်းသား/သူ စုစုပေါင်း ၆၂၇ ဦး ကို ဇန်နဝါရီလတွင်(၃)ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၆)ကြိမ် ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)