ညောင်တုန်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိဈေးများ မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအလေးထားလိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်းပြောကြား၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အခါ မီးငြှိမ်းသတ်ရေးကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကိုလက်တွေ့အသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်ခြင်းများကို စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများနှင့်အတူ သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)