ရွှေကျင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးလိပ်/ကွမ်းယာ/အရက်သောက်သုံးခြင်းများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင်(ရုပ်သံကျွမ်းကျင်-၃)က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့် မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မို့မို့သွင်(ရုပ်သံကျွမ်းကျင်-၃)က ပြန်လည်ဖြေကြားပေးခဲ့ပြီး နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြင့် သိကောင်းစရာအသိပညာပေး သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)