သဲကုန်းမြို့တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၂၈

ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်​နိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှု‌လျှော့ချ‌ရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သဲကုန်းမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်က ရေနေသယံဇာတများလျော့နည်းလာရသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းရည်ရွယ်ချက်များအကြောင်း၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းစေသည့်အကြောင်းအရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပွားစေနိုင်သောဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့များကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏အကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာသည့်အချက်များ၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်တော/ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာနိုင်​သောအချက်များကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိလိုသည့်မေးခွန်းများ‌ကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)