လိပ်သို ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါကျောင်းရှိ နှင်းဆီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အာဟာရကျွေးမွေးရာတွင် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမည့် အစာအုပ်စုသုံးစု သင့်တင့်မျှတစွာ ပါဝင်သော ထမင်း၊ ကြက်ဥဟင်း၊ ကုလားပဲဟင်း၊ ဆလပ်ရွက်သုပ်နှင့် ဖီးကြမ်းငှက်ပျောသီး တို့ကို KG ကျောင်းသား/ ကျောင်းသူ (၅၁) ဦးအား ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်လျက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ပထမအကြိမ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ဒုတိယအကြိမ် စုစုပေါင်း နှစ်ကြိမ် ကျွေးမွေးခဲ့ပြီး ဖေဖော်ဝါရီလ ပထမအပတ်တွင် တတိယအကြိမ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်လေးနွယ်