ပိုင်ကျုံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် ဒု-မြို့နယ်ပညာရေးမှူး ဦးရင်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်က ပညာတိုးတက်လျှင် နိုင်ငံတိုးတက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အနာဂတ်သည် လူငယ်များတို့၏ လက်ထဲမှာရှိသည့်အကြောင်းများကိုလည်းကောင်း၊ အ.ထ.ကပိုင်ကျုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းချိုက မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း၊ ကျောင်းတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းသည် အဓိကကျကြောင်းကိုလည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့ပြီးနောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစောအယ်ခရစ်က အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာ/ဆရာမများကို ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ကျောင်းသားလူငယ်များက တေးသီချင်းသရုပ်ဖော်များဖြင့် ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)