ဒေးဒရဲ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့သည့် အခြေခံစက်ချုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီသီအောင်က အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်ဖြစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်ပိုင်တစ်နိုင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူများအား တက်ရောက်လာသည့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့မှစတင်၍ အခြေခံစက်ချုပ်နည်းများကို တစ်လကြာသင်တန်းပို့ချပေးခဲ့ရာ ကျေးရွာအုပ်စုများက သင်တန်းသူ(၃၀)ဦး တက်ရောက် သင်ယူခဲ့ကြောင်း သိရသည်။
အေဇာလင်း