ကျွန်းစု ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းနှင့် တာဝန်ရှိသူများက KG ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား နေ့လယ်စာကျွေးမွေးခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၁၃၄) ကျောင်းတွင် ဇန်နဝါရီလအတွင်း KG ကျောင်းသား/သူ စုစုပေါင်း ၃၇၂၆ ဦးကို ဇန်နဝါရီလတွင်(၂)ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁)ကြိမ် ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)