ရေဖြူ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်တွင် “အကျိုးကျေးဇူးမျိုးစုံရရှိဖို့စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူ၌ပြုလုပ်ခဲ့သည်၊၊
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းအောင်က ကျောင်းသား၊ ကျောင်း သူများအား သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ ရေချိုအားခြွေတာသုံးစွဲရန်နှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများက ကျောင်းစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးမှုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း အဆိုပါအခမ်းအနားသို့ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခတ္တာ