ငပုတောမြို့နယ်(Community Centre)ခန်းမ၌ ပန်းချီပြိုင်ပွဲကျင်းပ

ငပုတော ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(အ.လ.က)ရွှေမြကွင်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ( ၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငပုတောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး (အ.လ.က)ရွှေမြကွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စုစုရည်က ကျောင်းသား/သူများအား တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးမှုရရှိစေရန်၊ ရောင်စုံကာလာအသုံးပြုမှု ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရန်နှင့် ပန်းချီစွမ်းရည်တိုးတက်စေရန်၊ သဘာဝအရောင်နှင့်အနီးစပ်ဆုံး ဆေးရောင်ခြယ်သနိုင်သူ၊ အနီးအဝေး၊ အလင်းအမှောင်၊ သေသပ်မှုတို့ကို အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပန်းချီပြိုင်ပွဲကို (အ.လ.က)ရွှေမြကွင်းကျောင်းမှ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ဂုဏ်ပြုချီးမြှင့်‌ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)