ကန့်ဘလူ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓယတ်ပုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများတွင် ပါရှိရမည့်ကိစ္စရပ်များ၊ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများအတွက် တိုင်ကြားနိုင်သော နည်းလမ်းများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်က ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းရင်းများ၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်သုံးရပ်၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)