တောင်တွင်းကြီး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၂၅၃) ကျောင်းတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောသန့်စင်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။
အဆိုပါ ကျွေးမွေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးလှသောင်း၊ အဖွဲ့ဝင် (၃) မြို့နယ်လဝကဦးစီးမှူး ဦးဟိန်းဇော်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးနိင်ဝင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အလားတူ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၅၃) ကျောင်းတွင်လည်း KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၈၃) ဦးတို့အား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)