တောင်ငူ ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အ.ထ.က(၆)သို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ကဗျာရွတ်ခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွပြုလုပ်ကြသည်။
ထို့နောက် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ရရှိစေရန် စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှုကြကြောင်းနှင့် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)