လိပ်သိုမြို့တွင် ဆောင်းနှင်းဝေမူကြိုကျောင်းမှ ရင်သွေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်

လိပ်သို ဇန်နဝါရီ ၂၈

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကက်သလစ်သီလရှင်ကျောင်းတွင် ဖွင့်လှစ်ထားသော “ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး” ဆောင်းနှင်းဝေမူကြိုမှ ရင်သွေးငယ်လေးများ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဖရန့်စစ်ဇေးဗီးယား သီလရှင်ကျောင်းခန်းမ၌ ပြုလုပ်ရာ Rev.Fr ဘုန်းတော်ကြီး ကျော်စိန်ဝင်း၏ အဖွင့်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။         

အခမ်းအနားတွင် မူကြိုကလေးငယ်များမှ တစ်နှစ်တာသင်ကြားခဲ့သော တေးသီချင်း၊ တေးသရုပ်ဖော် ကဗျာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စိန်ဖရန့်စစ်ဇေးဗီးယားသီလရှင်ကျောင်းမှ မာရ်သာရ်ကြီး Estes ပေးပေက ကျေးဇူးတင်အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ကလေးငယ်များက တေးသီချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြပြီး မိဘများအားလုံးကိုယ်စား ဦးမောင်မောင်လွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ မူကြိုကလေးငယ် (၂၅) ဦးအနက် မူကြိုကျောင်းဆင်းကလေးငယ် (၂၀) ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာ ကျောင်းဆင်းဘွဲ့လက်မှတ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများနှင့် မိဘများက မူကြိုကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး Rev.Fr ဘုန်းတော်ကြီး ကျော်စိန်ဝင်းမှ အပိတ်ဆုတောင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

ခင်လေးနွယ်