လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်

လက်ပံတန်း ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလင်းကျော်က မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အမြန်ဆုံးမီးငြိမ်းသတ်နည်း များကို ရှင်း‌လင်းပြောကြားပြီး မီးသတ်ဝန်ထမ်းများနှင့် စျေးအရောင်းဆိုင်ဝန်ထမ်းများပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ်နည်းများအား သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလင်းကျော်နှင့်အဖွဲ့သည် မြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ဆောင်ရွက်ထားရှိမှုများအား စမ်းသပ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း