သံတောင်ကြီး ဇန်နဝါရီ ၂၇
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ ခေါင်းဆောင်မှု စာအုပ်အား ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နော်မာဂေ (Book Club) အဖွဲ့ဝင် မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် သူရဲကောင်း၊ ကံကောင်းခြင်းကိုသင်ဖန်တီးနိုင်၊ လူ့တန်ဖိုး၊ ကျင့်ကောင်းမွေးရမှာ၊ ကျေးဇူးတင်စရာ၊ အလိုက်သိခြင်းနှင့် သည်းခံနိုင်ခြင်း စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး စောအယ်ကလူ (Youth Club) အဖွဲ့ဝင်က စည်းရုံးရေးစွမ်းရည်၊ ပြည်သူ့ဝန်ထမ်းဘဝ၊ အကြောင်းနှင့်အကျိုး၊ စကားစွမ်းအား၊ စကားတန်ဖိုး၊ တိကျမှန်ကန်မြန်ဆန်ပါစေ စသည့် အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးတက်ရောက်လာသည့် Book Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ခေါင်းဆောင်မှုစာအုပ်ကို ဖတ်ရှုခြင်းဖြင့် မိမိအလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ဖြင့်လုပ်တတ်လာခြင်း၊ လူတစ်ယောက်ရဲ့ တန်ဖိုးကို သိရှိနားလည်လာခြင်း၊ ဇွဲရှိရှိကြိုးစားခဲ့လျှင် ကံကောင်းမှုများရရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိရသည်။
နော်နော်မူ