ပြည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရွှေတံခါးရပ်ကွက်၊ တာဂွလမ်းဆုံအနီးရှိ (သမာဓိ)မျိုးစေ့နှင့် စိုက်ပျိုးရေးသုံးဆေးပစ္စည်းအရောင်းဆိုင်၌ ကျင်းပသည်။
အဆိုပါသွင်းအားစုပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးသည့် အခြေခံသမဝါယမအသင်း(၃)သင်းမှ အသင်းသားတောင်သူ(၁၀၁)ဦး၏ စိုက်ဧက(၇၂၀)အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို တောင်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ယင်းပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းသားတောင်သူများတက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)