ဖြူးမြို့နယ်မြို့စည်ပင်သာယာဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်သရုပ်ပြ

ဖြူး ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့်ကာလရောက်လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်ကာ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ကြစေရန်အတွက်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖြူးမြို့နယ်စည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူး အသုံးပြုပုံအား ရှင်းလင်းပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကား (၂) စီး၊ ရေသယ်ကား (၂) စီးဖြင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦး​ကျော်စွာလင်းနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများတက်ရောက်၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)