ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အောင်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော် အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မြောင်းမြမြို့၊ ဇေယျမေဒနီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ မဟာထေရ် မြတ်ထံမှတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့​နောက် ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်မှ စာချကထိက ဦးရာဇိန္ဒ (ဓမ္မာစရိယ)နှင့် ဦးဣန္ဒောဘာသ(ဓမ္မာစရိယ) ဆရာတော်တို့က “ဝိနယပိဋကတ်တော်” ကို သံဂါယနာတင်တော်မူကြပြီး ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓိက (အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဩဝါဒကထာမိန့်ကြားတော်မူ ခဲ့သည်။

ဆက်လက်၍ ပထမကြီးတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သံဃာတော် အရှင်သူမြတ်များ၊ ပထမလတ်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သံဃာတော် အရှင်သူမြတ်များ၊ ပထမငယ်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သံဃာတော် အရှင်သူမြတ်များနှင့် အခြေပြုမူလမူလတန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်များကို ပုသိမ်မြို့၊ မောင်းထောင်ကျောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်ကလည်းကောင်း၊ လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ စာအောင်ဆုများကို ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝဏ္ဏိတာဘိဝံသ၊ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ကျေးဇူးတင်စကားမိန့်ကြားခဲ့ပြီး  ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်စကား မိန့်ကြားသည်။ ယင်းနောက် မြောင်းမြ ကျောင်းပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပညာသီရိရတနာဘိဝံသ (သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကြီးတွင် အဖက်ဖက်မှ တာဝန်ကျေပွန်စွာ ပြုလုပ်ဆောင်ရွက်ခဲ့သော ကုသိုလ်တော်အရပ်ရပ်တို့ကို အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက်မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးဩဒါတရံသီ(ဓမ္မာစရိယ)က (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးစီးကြောင်း “အောင်ပွဲနိဂုံးပီတိဖုံး”ဂါထာ ကိုရွတ်ဖတ်ကြေငြာခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင်အလှူရှင်များက မြောင်းမြကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များနှင့် စာဖြေ၊ စာပြန်ပွဲတော်သို့ ကျောင်းတိုက်အသီးသီးမှ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

(၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အား ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပခဲ့ပြီး သံဃာတော် (၂၇၆)ပါးတို့မှ ရေးဖြေနှင့် အာဂုံပြန်ဖြေဆိုခဲ့ကြကာ ပထမကြီးတန်းတွင်(၈)ပါး၊ ပထမလတ်တန်းတွင် (၁၆)ပါး၊ ပထမငယ်တန်းတွင်(၂၄)ပါး၊ အခြေပြုမူလတန်းတွင် (၆၀)ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)