ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၈

ပညာရေးဝန်ကြီးဌာနနှင့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊  မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံတော်မှကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စာတတ်မြောက်မှုနှုန်းကို သန်းခေါင်စာရင်း ထုတ်ပြန်ချက်များတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ စာမတတ်သူများကို နှစ်အလိုက် စာတတ်မြောက်ရေးလုပ်ငန်းသင်ကြားပေးခြင်းဖြင့် လျှော့ချနိုင်ရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ စာတတ်မြောက်ရေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေသည်မှာ အကြိမ်အားဖြင့်(၄)ကြိမ်မြောက် ကျင်းပဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာတတ်ပြီးစသူများအတွက် အမှန်တကယ်လိုအပ်နေသည့် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရေး၊ ဝင်ငွေတိုးပွားရေးအတွက် အလုပ်အကိုင်နှင့်အခွင့်အလမ်းများ အခမဲ့ဖွင့်လှစ်သည့် ဌာန၊ ကျောင်း၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ ဘဝသာယာရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခြင်းအစရှိသည့် အစီအစဉ်(၃)ရပ်တို့ကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်အောင် သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ သင်တန်းမှပေးသည့် သင်ခန်းစာများကို ထိထိရောက်ရောက် သင်ယူသွားကြ၍ မိမိမြို့နယ်အတွက် အကျိုးရှိအောင် ပြန်လည်လုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် ချီးမြင့်ငွေများပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူ ခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် “မနီတို့၏ ရွာနှင့် သစ်တော” ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။

 ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့မှ ဧပြီလ (၈)ရက်နေ့အထိ(၁)ရက်လျှင် ပျမ်းမျှ(၃)နာရီ၊ နာရီပေါင်း (၁၈၀)၊ ရက်ပေါင်း(၆၀)ကြာ စာသင်သား (၂၅၀၁၆)ဦးကို သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)