စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) တက်ရောက်

မုံရွာ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိဒေသများ လုံခြုံတည်ငြိမ်ပြီး တရားဉပဒေစိုးမိုးမှုရှိမှသာ နေထိုင်သည့်ပတ်ဝန်းကျင်နှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးသည် အလွန်အရေးပါသည့်အချက်များဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပါက နိုင်ငံ့စီးပွားနှင့်ပြည်သူတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြို့ရွာများဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြီးများဘေးတွင် တည်ရှိသည့် မြို့/ရွာများရှိ ဆိပ်ကမ်းများသာယာလှပရေး၊ ပြည်သူများအပန်းဖြေနိုင်ရေး သန့်ရှင်းသပ်ရပ်ရေးနှင့် အမှိုက်စွန့်ပစ်မှု စနစ်တကျရှိရန် လိုအပ်ပါကြောင်း၊ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပေးနိုင်ရေး၊ ထုတ်ကုန်များဈေးကွက် ခိုင်မာမှုရှိစေရေး၊ မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်ထုတ်ကုန်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကုန်ဆုံးတော့မည်ဖြစ်ပါသဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့လုပ်ငန်းများအား စိစစ်ကြပ်မတ်၍ အလေးထား ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဒေသအတွင်း အကျိုးဖြစ်ထွန်းသည့်လုပ်ငန်းများအား စိစစ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအားလုံးနှင့် ခရိုင်/မြို့နယ်အားလုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်များနှင့်အညီ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ကာ တိုင်းပြည်အေးချမ်းသာယာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင် မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၈/၂၀၂၄)လမ်းညွှန်ချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်မှု အခြေအနေများအား ဖတ်ကြားရှင်းလင်းပြောကြားသည်။   

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စီမံရေးဆိုင်ရာများ၊ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု၊ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)