ရွှေကျင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမြတ်စန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးလိပ်/ကွမ်းယာ/အရက်သောက်သုံးခြင်းများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)