မြောင်းမြ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၅)အခြခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(၅)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာပေဟောပြောပွဲနှင့်ပြပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြောင်းမြမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြီးဦးကျင်စိုး(မောင်လှိုင်းသစ်-ချစ်စရောမြေ)က “ကျေးဇူးတရားထွန်းကားရာမြ” ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)