မြဝတီ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ မြေနီကုန်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီ က အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာ ဖိတ်ကြားထားသောဧည့်သည်တော်များက အခမ်းအနားကို ဘင်ခရာအဖွဲ့တို့ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျောင်းသား၊ ကျောင်းသူလေးများက “သုံးရောင်ခြယ်”၊ “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူ့ဘောင်အဖွဲ့အစည်း အခြေခံအုတ်မြစ် ခိုင်မာတည်မြဲရေးအတွက် ပညာရေးကဏ္ဍမြှင့်တင်ပေးရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးနေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့၌ ကာယ၊ ဉာဏပိုင်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင် ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အငြိမ်းစားကျောင်းအုပ်ကြီးများ၊ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများ ချီးမြှင့်ပေးပြီး အခမ်းအနားဒုတိယပိုင်းတွင် စုံညီပွဲတော်ကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေး များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)