ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ထား၀ယ် ဇန်နဝါရီ ၂၇

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က တစ်ပြည်ထောင်လုံးက ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ သွေးစည်း ညီညွတ်မှုကို ပြသနိုင်ခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ဟု မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီး အများပြည်သူရုံးပိတ် ရက်ဟု သတ်မှတ်ထားခဲ့ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ကျောင်းသား/ သူများအ‌နေဖြင့်လည်း မြန်မာနိုင်ငံ၏နေ့ ထူးနေ့မြတ်များ အကြောင်းကို လေ့လာသိရှိထားရန်လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ သူများ၏ ဉာဏ်စမ်းမေးခွန်းဖြင့် ပါဝင်ယှဉ်ပြိုင်နေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)